အသစ်ထွက်တဲ့ Sony Xperia XZ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကျွန်တော်ထင်တယ်လေ ၊ အင်မတန်မှ ရှုပ်ထွေးပွေလီတဲ့ နာမည်တွေ ပေးတတ်တဲ့ နေရာမှာတော့ Sony ကို တော့ မမှီလောက်တော့ဘူး ထင်တယ်ဗျ။ ပြီးခဲ့တဲ့ အပတ်ထဲမှာ Sony က ဖုန်း အသစ် ၂ မျိုးပြပါတယ်။ တစ်မျိုးက Xperia XZ နဲ့ နောက်တစ်မျိုးက Xperia X Compact. Xperia X Compact ကတော့ ထားတော့ ၊ screen size သေးထားမှာကို ဆိုလိုတာဆိုတာ မှန်းလို့ရပေမယ့် Xperia XZ က သူ့အရှေ့မှာ ထုတ်ဖူးတဲ့ Xperia X ရဲ့ မျိုးဆက်သစ် ၊ နောက်ထွက်ထားတဲ့ X Performace ထက် ပါဝါ ပိုကြီးတဲ့ ဖုန်းတဲ့ … ကဲ ၊ ဘယ့်နှယ်ရှိစ … ဒါတောင် Y တစ်လုံး မပါသေးလို့ ကျေးဇူးတင်ရမလိုလို ….

blog-xperia-xz-4

ထားတော့ ၊ ပြီးခဲ့တဲ့ အပတ်ကတော့ Note 7 ပြန်သိမ်းတာရယ်iPhone အသစ်ပြမယ်ဆိုတာရယ်နဲ့ကို ရှုပ်နေတာနဲ့ Sony လေးက မျက်နှာကို ငယ်လို့ ။ မငယ်ပါနဲ့ ဒီ တစ်ပတ်မှာ ဒီလို ပြောပြ ရရင်…

XZ က design မှာ အသစ်ဖြစ်သွားတယ်လို့ ပြောလို့ရအောင် ထောင့်လုံး metal casing နဲ့ ဖြစ်သွားတယ်ဗျ။ တခြားဖုန်းတွေမှာတော့ ပါပြီးနေပေမယ့် ၊ Sony အတွက်တော့ ပထမဆုံး ဆိုလား ၊ သူတို့ ခေါ်တာတော့ ALKALEIDO metal casing တဲ့။ ထုံးစံအတိုင်း metal casing ဆိုတော့ ပိုပြီး high end ပုံ ဖြစ်သွားတာတော့ အမှန်ပဲ…

blog-xperia-xz-1

Specification တွေက ၅.၂ လက်မ Full HD display, Qualcomm Snapdragon 820 processor ၊ RAM က 3GB ၊ 32 GB Storage ကို MicroSD နဲ့ 256GB ထိ ချဲ့လို့ရမယ်။ နောက်ကင်မရာက 23 megapixel (ဟုတ် ၊ 23 megapixel) ၊ ရှေ့က 13 megapixel ၊ battery က 2,900 mAh ကို Quick Charge 3.0 နဲ့ port ကတော့ ၂၀၁၆ ရဲ့ ခေတ်ရေစီးကြောင်း – USB Type C ၊ ပြီးတော့ ဒန်တန့်တန် … Sony က ဦးဆုံးစခဲ့တဲ့ IP68 water resistant နဲ့ …

အဲ့ဒီမှာ ဘာရယ် ညာရယ် ထူးထူး ခြားခြား မရှိပေမယ့် Sony ဖုန်းတွေက ဓာတ်ရိုက်ရာမှာ နာမည် ကြီးတဲ့ နည်းတူ ၊ ဒီ ဖုန်းမှာ Triple Image Sensing ဆိုတာ ပါလာပါတယ်။ ကျွန်တော်လည်း ဓာတ်ဆရာ မဟုတ်တော့ ရေးထားတာပဲ ပြန်ရေးပြကြေး ဆိုုရင် Imaging, Laser AutoFocus, RGBC-IR ဆိုတဲ့ sensor ၃ ခုကို ပေါင်းစည်း ထားတဲ့ နည်းပညာ ဖြစ်ပြီး ၊ foucs တွေ ပိုမြန်အောင် ချိန်နိုင်မယ် ၊ ဝိုးတိုးဝါးတား ပုံရိပ်တွေ ပိုနညး်သွားမယ် ၊ အရောင်တွေ ပိုတောက်မယ် ၊ စသဖြင့် ပိုကောင်းသွားမယ် လို့ ဖတ်ရပါတယ်။

blog-xperia-xz-3

ပြီးတော့ Sony က adaptive charging ဆိုတာကြီး သုံးထားလို့ ၊ ဘက်ထရီ အားအမြန် ပြန်သွင်းရင် ၊ အမြန် ပြန်ပြည့်ပေမယ့် ၊ ဘက်ထရီ သက်တမ်း ပိုခံအောင် ၉၀% ရောက်တဲ့ အခါမှာ fast charging အစား ၊ ပုုံမှန် charging mode ကို ပြန်ပြောင်းပေးတယ် ဆိုပဲ။ ဟိ …. ဒါလည်း အမှန်က တခြားဖုန်းတွေမှာ ပါတာ ကြာပြီ ကော … 😛 😀 ရှိစေတော့ …

XZ က ကိုင်ချင်ပါတယ် ဆိုရင်တောင် ခု မရသေးပါဘူးတဲ့ ၊ register လုပ်ရမယ် ၊ အောက်တိုဘာမှ ထွက်မယ် ဆိုလားပဲဗျ … Mineral Black, Forest Blue, Platinum ဆိုပြီး ၃ ရောင် ထွက်မယ်ပဲ ပြောပြီး စျေးတော့ မပြောသေးဘူး … လူဆိုး …

blog-xperia-xz-2

နောက်တစ်မျိုးကတော့ Xperia X Compact. ဒါကတော့ မှန်းလို့ရတဲ့ အတိုင်း screen size သေးတာကို ကြိုက်တဲ့ သူတွေ အတွက် ဝိတ်လျော့ ဗားရှင်းလေး ဆိုပါတော့ ။ သူမှာတော့ ALKALEIDO ဆိုတဲ့ metal casing မဟုတ်တော့ပဲ ceramic ဖြစ်သွားတယ်။ ပလတ်စတစ်ပေါ့…

အကွက် ရွှေ့ထားတာ ကတော့ နောက်ကင်မရာ မှာ တူတယ် ၊ Triple Image Sensing လည်းပါတယ် ၊ သို့သော် ရှေ့ကင်မရာကတော့ 5 megapixel ဖြစ်သွားတယ်ဗျ။ selfie တွေ လျော့ရိုက် ဆိုတဲ့ သဘော….

blog-xperia-x-compact-1

Specification တွေက 4.6 inch 720p display (အပေါ်က လူဆိုးကြီးနဲ့ ထပ်ကွာတာက X Compact က 4K မရဘူးတဲ့) ၊ processor က Qualcomm Snapdragon 650 ၊ 3GB RAM ပဲ ၊ storage လည်း တူတူ ၊ ဘက်ထရီမှာတော့ သူက 2,700mAh ဖြစ်သွားတယ်။

ဒီ X Compact ကတော့ ဒေါ်လာ ၄၀၀ ၊ ၅၀၀ ဝန်းကျင် ရှိမယ် ပြောပါတယ်ဗျာ။

မောပါ့ … X Y Z တွေနဲ့ ရူးချင်ချင် ….

မနက်ဖြန်ည Apple ပွဲလေး ရှိလို့ ၊ သတင်း သိရပြီးတာနဲ့ ထပ်ရေး ပေးဦးမယ်ဗျာ။ လောလောဆယ်တော့ တော် … ပြီ 😛 😀

Update: Facebook user Ko Bob Thein ဖြည့်စွက်ချက်အရ ၊ Image Stabilizer ကို 5 Axis Stabilization သုံးထားတဲ့ အတွက် ဓာတ်ရိုက်တဲ့ အခါ ပိုပြီး ကောင်းတဲ့ ပုံတွေ ထွက်ပါတယ် ၊ ဒီ ဖုန်းတွေ မတိုင်ခင်ထိတော့ ၊ ဒီ 5 Axis Stabilization ကို Sony ရဲ့ Full Frame camera တွေထဲမှာပဲ သုံးထားဖူးပါသေးတယ်တဲ့ဗျာ။ ကျေးဇူးပါ Ko Bob Thein ခင်ဗျာ 🙂 😀

Source: Phandroid
Photo: Sony

Leave a Reply

Your email address will not be published. Required fields are marked *