ဘာလဲ podcast

ဦးလေးစရိုင်ကင်း… မောင်မြန်မာကို တွေ့တာနဲ့ အတော်ပဲဟေ့ ၊ စပ်စု ပြောပြောနေတဲ့ podcast ဆိုတာကြီးကို ဦးလေးနားမလည်လို့ ..

မောင်မြန်မာ …. ဟားဟား ဦးလေးကို စပ်စုကတော့ မ လိုက်ပြန်ပြီပေါ့ …

ဒီလိုလေဦးလေး။ podcast ဆိုတာ အင်တာနက်ပေါ်က radio လို့ ပြောလို့ရမယ်ဗျ။ အရင်က ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ညနေ ၇ နာရီမှာပြလို့ ဦးလေး အိမ်ကို အပြေးအလွှားပြန်ပြီး အမှီကြည့်ခဲ့ရတယ်။ အခု ကျတော့ ဦးလေး ဖုန်းထဲက app ကနေ အပိုင်းလိုက်လေး သွားရင်း လာရင်း ကြည့်လို့ရပြီလေ။

Podcast ကလဲ အဲ့လိုပဲ ဦးလေးရ။ သူကတော့ အသံသီးသန့် အစီအစဉ်ပေါ့။ အရင်တုန်းက ရေဒီယိုမှာ လာတဲ့ အင်တာဗျူးတို့ဘာတို့ဆိုတာ အချိန်နဲ့လိုက်ပြီး နားထောင်ရတာမလား။ ကျွန်တော်တို့ ငယ်ငယ်က “မြန်မာ့အသံက တစ်ခါပဲ လွှင့်တယ်” ဆိုပြီးတောင် နောက်ကျသေးတာ .. 😆 အခု podcast နဲ့ ကျတော့ အဲ့ဒီ အစီအစဉ်တွေကို ကိုယ်အားတဲ့ အချိန် ရွေးပြီး အပိုင်းလိုက် နားထောင်လို့ရသွားပြီလေ။ အရင်လို အချိန်စောင့်ပြီး နားထောင်စရာ မလိုတော့ဘူးပေါ့။

YouTube တို့ Netflix တို့ကို Video on demand လို့ခေါ်သလို podcast ကို Radio on demand လို့ ခေါ်လို့ရမယ်ထင်တယ်။

ဒါဆို သူက radio လိုပဲ channel အမျိုးမျိုး ရှိတာပဲလား။

ဟုတ်တယ် ဦးလေး။ ပိုကောင်းသွားတာက သူကျတော့ channel မှာ လွှင့်နေတဲ့ အစီအစဉ် နာမည်အလိုက် podcast တွေရှိသွားတာ။ ဥပမာဗျာ BBC Radio Channel မှာမှ ဦးလေးက Desert Island Discs ဆိုတဲ့ အစီအစဉ်ကိုပဲ အမြဲစောင့်ပြီး နားထောင်နေကျ ဆိုပါစို့။ အဲ့လိုဆိုရင် BBC podcast ကို ရှာစရာ မလိုတော့ပဲ Desert Island Discs podcast ကိုရှာပြီး နားထောင်ရုံပဲ။

Podcast က ပိုပြီးကောင်းတာက နောက်ဆုံးအစီအစဉ်တွေချည်းပဲ မဟုတ်ပဲ ရက်အလိုက် အစီအစဉ်တွေ တန်းစီပြီး သိမ်းပေးထားတော့ အရင်လတွေ ၊ အရင် နှစ်တွေက အသံသွင်းထားခဲ့တဲ့ အစီအစဉ်တွေပါ ပြန်ရှာပြီး နားထောင်လို့ရသွားပြီလေ။

တယ် အဆင်ပြေပါလား။

ဟုတ်။ အဲ့ဒီ podcast ကို နားထောင်ချင်ရင် podcast app ရှိဖို့တော့ လိုမယ်ဦးလေး။ Podcast တိုင်းလိုလိုက အလကား နားထောင်လို့ရပြီး app တိုင်းလိုလိုလဲ free ပဲဗျ။ ကျွန်တော်ကတော့ လောလောဆယ် Google Podcast ကို သုံးနေတယ်။ ဘာတွေ ကောင်းသလဲတော့ နောက်မှ ထပ်ရှင်းပြမယ်ဗျာ… နော…. လောလောဆယ် အလုပ်မပြတ်သေးလို့ သွားလိုက် အူးမယ် ဦးလေးရေ့ …. 😁

[border ]

Recommendations for you

Leave a Reply

Your email address will not be published. Required fields are marked *