VPN နဲ့ အရင်ခေတ်ကဘဝများ

မမြှင့်တင် – အခုခေတ်စားနေတဲ့ VPN နဲ့ ကိုမြန်မာနဲ့ ရင်းနှီးပြီးသားဆို …. ကိုမြန်မာက တယ်ခေတ်မှီတာပေါ့

မောင်မြန်မာ – အဲ့လို ခေတ်မှီတာကြီးတော့ မလိုချင်စမ်းပါနဲ့ဗျာ။ ခေတ်မှီတာထက် ခေတ်နောက်ပြန်ဆွဲနေတဲ့ အချိန်ရောက်နေတာ

ဟုတ်ပါပြီ …. ဟုတ်ပါပြီ … ဒါဆို အရင်တည်းက ဒီ VPN တွေရှိခဲ့တာပေါ့

ဟုတ်တယ်ဗျ။ အခုခေတ်လိုတော့ ခေတ်မမှီသေးဘူးပေါ့ဗျာ။ အရင်က အင်တာနက်ဆိုတာလဲ ကွန်ပျူတာ တစ်မျိုးနဲ့ပဲ သုံးလို့ရတော့ VPN computer software တွေ သုံးပြီး ကစ်ရတာ။ ကျွန်တော်တို့ခေတ်တုန်းကတော့ Your Freedom ဆိုတာ ခေတ်စားသဗျ။

ကိုမြန်မာတို့ခေတ်က … ဘာလိုတွေများ လှုပ်ရှားခဲ့ရသတုန်း …

ကျွန်တော်တို့ကျောင်းပြီးကာစ အလုပ်ထဲရောက်တော့ အင်တာနက်ဆိုတာ မရှိဘူးဗျ။ အင်ထရာနက် ဆိုတာကြီးကို သုံးရတာ။ Internet Service Provider က ရွေးပြီးပေးသုံးတဲ့ website နဲ့ service တွေကိုပဲ သုံးခွင့်ရတာလေ။ တခြား website တွေ ဝင်ကြည့်လို့မရဘူး။ အလုပ်အတွက် file တွေ upload လုပ်မယ်ဆိုရင်လဲ upload လုပ်တဲ့ နေရာမှာ နောက်ကွယ်ကသုံးတဲ့ port တွေ အားလုံးကို ပိတ်ထားတော့ ကျွန်တော်တို့လဲ VPN တွေနဲ့ ရင်းနှီးလာတာပေါ့ဗျာ။

အဲ့ဒီခေတ်တုန်းကလဲ VPN တွေနဲ့ အခုလိုပဲ တက်ဆော်ကြတာပဲလား …

ဆော်ဆို .. အရင်က အခုလို social network တွေ မရှိဘူးလေ။ နိုင်ငံတော်က မျက်စိတောက်ထောက်ကြည့်နေတဲ့ Bagan Net Forum ဆိုတဲ့ forum ပေါ်မှာ ကျွန်တော်တို့ တက်ဟစ်ရတာ။ တက်ဟစ်တဲ့ နေရာမှာလဲ ဘယ် ID က ဘယ်လိပ်စာက လာနေတယ်ဆိုတာ စာရင်းရှိပြီးသား ဆိုတော့ ကစ်သာကစ်ရတာ ၊ အန္တရာယ်က မကင်းဘူးဗျ။

ပြီးတော့ moderator ရှိတယ်။ ကျွန်တော်တို့ရေးသမျှက ချက်ချင်းပေါ်လာတာမဟုတ်ဘူး ၊ moderator က အရင်ဖတ်တယ် ၊ သူတို့စိတ်ကြိုက် ခွင့်ပြုတဲ့ ဂွင်ထဲဝင်မှ ကျွန်တော်တို့ရေးတာက တက်လာတာ။

ဟင် … ဒါဆို ဘာမှ ရေးလို့မရဘူးပေါ့ …

ဟုတ်တယ်။ တဖက်ကလဲ user တွေက ရှာကြံလမ်းရှာကြပြန်ရတာပေါ့။ တစ်နည်းက moderation လွတ်မယ့် စာကိုရေးတယ်။ ကိုယ်ရေးထားတာ တက်လာပြီလားဆိုတာ ခဏခဏ ဝင်ကြည့်နေတယ်။ တက်လာတဲ့ အချိန်ကနေ ၁၀ မိနစ်လောက်တွင်းမှာ ရေးထားတဲ့သူက ပြန် edit လုပ်ခွင့်ရှိတယ်။ အဲ့လို edit လုပ်တာကျ moderator ကိုမဖြတ်ဘူး။ အဲ့ တစ်ကွက်ကို သိထားတဲ့သူတွေကတော့ computer screen မှာ မျက်စိမခွာပဲစောင့်ရတော့တာပဲ။

နောက်တစ်နည်းကျတော့ ဘိုလိုတွေ စွတ်ရေးတာ။ ခမ်းခမ်းနားနားတွေရေးပြီး အဓိပ္ဗါယ်မပေါက်လေ moderation လွတ်လေပဲ။ ဖတ်တဲ့သူဖတ်ကတော့ နားလည်အောင် ကြိုးပမ်း ၊ အချင်းချင်းမေး ၊ အဲလိုတွေ ကိစ္စ ရှုပ်ရတာ။

ဒါဆိုလဲ ကိုမြန်မာကလဲ အဲ့ဒီ forum ကို ကိုယ့်ဟာကိုယ်ထောင်ပေါ့

လုပ်ဖို့ကြိုးစားကြပါတယ်။ အဓိကက နိုင်ငံခြားကို ပိုက်ဆံချေရတာ အခုလို လူတိုင်းလုပ်နိုင်တဲ့ ခေတ်မဟုတ်ဘူးလေ။ လူတွေလက်ထဲ Visa card မပြောနဲ့ ATM card တောင် မရှိဘူး။ Credit card ဆိုတာလဲ ခဏပေါ်လာပြီး ပြန်ပျောက်သွားတာ … နောက်တစ်ချက်က အဲ့ဒီ forum ကို ထိန်းသိမ်းဖို့ IT professional ရှားပါးတယ် ၊ web server တွေကိုင်ဖို့ ၊ design တွေပြင်ဖို့ အဲ့ဒါတွေလုပ်ဖို့ လုံလောက်တဲ့ အင်တာနက် မြန်နှုန်း မရှိခဲ့ဘူးဗျ။ နောက်ပိုင်းတော့ နိုင်ငံခြားမှာနေတဲ့ သူတွေ အကူအညီနဲ့ moderation လွတ်တဲ့ ကိုယ်ပိုင် Forum တွေ ရှိလာပါတယ်။

ဟူး မလွယ်ဘူးနော်

ဟုတ်တယ်။ VPN သုံးတာသိရင် အိမ်ကိုဖုန်းဆက်လာတွေ ရှိတယ်။ အင်တာနက် လစဉ်ကြေးသွင်းလို့မရတော့တာတွေ ရှိတယ်။ အစုံပေါ့

ဒါပေမယ့် အခု မမြှင့်တင်တို့ VPN သုံးတတ်သွားပြီဆိုတော့ ကောင်းတာ တစ်ခုတော့ရှိတယ်ဗျ။ အဲ့ဒါက ဥပမာ coffee shop လိုနေရာမျိုးမှာ free ပေးသုံးတဲ့ wifi တွေက အရမ်းကြီး secure မဖြစ်တာတွေရှိတယ်လေ။ မမြှင့်တင်ရဲ့ laptop ချိတ်ထားတဲ့ wifi မှာ hacker တစ်ယောက်ယောက်က ချိတ်ထားပြီး ဘယ် laptop မှာ security လစ်ဟင်းမှုတွေရှိနေလဲ ၊ ရှိနေရင် အဲ့ဒီ laptop ထဲမှာ ဘယ်လို အချက်အလက်တွေ ခိုးလို့ရနိုင်လဲ ဆိုတာ ဝင်ကြည့်နေလို့ရတယ်ဗျ။ ဒါကြောင့် စိတ်မချရတဲ့ အပြင်က wifi ကို ချိတ်ပြီးသုံးနေရင် ကိုယ်ဝင်ချင်တဲ့ website တွေကို မဝင်ခင် VPN လေး အရင်ချိတ်လိုက်။ ဒါဆို secure ဖြစ်သွားပြီ။

လက်ရှိအခြေနေ ၊ အဆိုးထဲက အကောင်း တစ်ခု တတ်သွားတယ်လို့ပဲ ကြံဖန် ဖြေသိမ့်ပေါ့ဗျာ။

Stay strong ဗျာ …

Leave a Reply

Your email address will not be published. Required fields are marked *