နော်ဝေးနိုင်ငံရဲ့ ဆောင်းတွင်းဖြတ်ကျော်နည်းနဲ့ lockdown အချိန် ကို ဖြတ်ကျော်ကြမယ်

စပ်စု – ဗျိုး ဦးလေး .. ဘာရယ်မဟုတ်ပါဘူးဗျာ။ Covid ကလဲ ဒုတိယကြိမ်ထကြွလာတဲ့တော့ အရင်ကထက် ပိုကြမ်း ၊ အလုပ်ကိုလဲ အလှည့်နဲ့ ဆင်း ၊ အိမ်မှာလဲ လှောင်ပိတ်ခံနေရလို့ ပျင်းပျင်းရှိတာနဲ့ ဦးလေးဆီ ဖုန်းဆက်လိုက်တာ။ ဒီ Covid လဲ မြန်မြန်ပြီးချင်လို့ ကျွန်တော်လဲ အပြင်မြန်မြန် ပြန်ထွက်ချင်ပါပြီ ဦးလေးရာ

ဦးလေးစရိုင်ကင်း – အေးဟုတ်တယ်။ ဦးလေးလဲ ပျင်းလှပြီ။ ဒါပေမယ့် စပ်စုရ ၊ ဒီလိုရှိတယ်။ ဒီအချိန်မှာ စိတ်ညစ်စရာကြီးပါလား ၊ ပျင်းစရာ ကြီးပါလားလို့ အဆိုးဖက်ကချည်း တွေးနေလို့ မထူးလာဘူးလေ။ ပိုပြီးပဲ ဆိုးလာမှာ

ဦးလေး ဥပမာ တစ်ခု ပြောပြမယ်။ လောလောဆယ် ဦးလေးရဲ့ အခန်း ပြတင်းပေါက်ဘေးမှာ ဘေးတိုက်က air con ရဲ့ ရေစက်တွေ က အောက်ထပ်က air con ပေါ်ကျလို့ တစ်နေကုန် “တောက်….တောက်…. တောက်…” နဲ့ကွာ။ အိမ်ရှင်ကလဲ အနားမှာ မရှိ ၊ air con ပြင်ဖို့လွှတ်ပေးပါဆိုတာလဲ အခုချိန် lockdown နဲ့ မဖြစ်နိုင်တော့ ပထမရက် အတော် စိတ်ညစ်ရတယ်။

ဒါနဲ့နောက်ရက်ကျ ဒီလိုတွေးကြည့်တယ်လေ။ ကိုယ်လဲ ဘာမှ သွားလုပ်လို့ မရလေတော့ ခံယူချက်ပဲ ပြောင်းကြည့်မယ်။ “ရေကျသံလေးက အရမ်းသာယာတာပဲကိုး။ မိုးနည်းသွားတဲ့ အခု အချိန်မှာ မိုးရေစက်လေးတွေ ကျနေသလိုပဲ ခံစားရတယ်” လို့ပြောင်းတွေးကြည့်တယ်။ အဲ့လို တွေးလို့ အာရုံလွှဲမရတဲ့အခါ “ငယ်ငယ်က နေခဲ့တဲ့ အိမ်က နာရီ စက္ကန့်သံလေးလိုပါပဲလား” လို့ ပြောင်းတွေးကြည့်တယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ အဲ့ဒီ အသံက ဖြည်းဖြည်းချင်း ခံသာလာတယ်။

ဒါကို psychologist တွေကတော့ ပိုရှင်းပြနိုင်ပေမယ့်လေ ၊ ပျင်းနေတဲ့ မောင်စပ်စုကိုတော့ ဦးလေး ဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ် ပြောပြမယ်။

နော်ဝေးနိုင်ငံရဲ့ Tromsø ဆိုတဲ့ မြို့မှာ ဆောင်းတွင်းဆိုရင် နိုဝင်ဘာလလယ် ကနေ ဇန်နဝါရီလလယ်ထိ နေလုံးဝ မမြင်ရဘူးတဲ့။ သူတိုကက ဒါကို long polar night လို့တောင် နှိုင်းကြသေး…

ဟ … နည်းနည်းနောနော ဆောင်းတွင်းမှ မဟုတ်ပဲ ဦးလေးရ…

အေး ဟုတ်တယ်။ အဲ့ဒီမှာ တာဝန်ကျတဲ့ health psychologist, Leibowitz က Tromsø မြို့သူ မြို့သားတွေ အနေနဲ့ ဆောင်းရာသီမှာ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုပြောင်းလဲ သလဲ သိချင်တော့ ခံယူချက် အစုံ ၂ ခု ပါတဲ့ Wintertime Mindset Scale ကို ဖန်တီးပြီး rating သတ်မှတ်ပေးပါလို့ စစ်တမ်းကောက်ကြည့်တယ်။

ပထမအစုံက

  • ဆောင်းတွင်းမှာပျော်စရာကောင်းတာတွေ အများကြီးလုပ်လို့ရတယ်
  • ဆောင်းတွင်းမှာ နွေးနွေးထွေးထွေးနဲ့ နေရာတာ ချစ်စရာ ကောင်းတယ်
  • ဆောင်းရာသီက လှပတဲ့ ရာသီဥတု ပြောင်းလဲမှုတွေထဲက တစ်ခု ဖြစ်တယ်

ဆိုတဲ့ ခံယူချက်တွေပါတယ်။

ဒုတိယအစုံက

  • ဆောင်းတွင်းက ပျင်းစရာကောင်းတယ်
  • နှစ်တစ်နှစ်ရဲ့ အချိန်တွေကို အကန့်အသတ်ဖြစ်စေတယ်
  • ဆောင်းရာသီနဲ့ ပတ်သက်လို့ မနှစ်မြို့စရာ အချက်တွေ အများကြီးရှိတယ်

ဆိုတဲ့ ခံယူချက်တွေပါတယ်။

အဲ့ဒီ စစ်တမ်းမှာ ပထမအစုံကို သဘောတူတယ်လို့ ဖြေကြတဲ့သူတွေအများစုက ဆောင်းရာသီ တစ်ခုလုံးကို ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး ကောင်းကောင်းနဲ့ ပိုပြီးဖြတ်သန်းနိုင်ကြတာကို တွေ့ရတယ်။

ဒါနဲ့မျိုးဆင်တူ ကိစ္စ တစ်ခုပဲကွ။ Harvard Business School ရဲ့ တွဲဖက်ပါမောက္ခ Alison Wood Brooks က လူများရှေ့ စကားပြောရကြောက်တဲ့သူတွေကို “ငါပျော်နေပါလား။ စကားထွက်ပြောရတာ စိတ်လှုပ်ရှားစရာ ကိစ္စပဲ” လို့ ပြောခိုင်းတယ်။ ဒီလို ပါးစပ်က ပြောလိုက်ရုံနဲ့ အစကကြောက်နေတဲ့သူတွေမှာ စိတ်ဖိစီးမှုတွေ လျော့ကျကုန်ပြီး အရင်ကထက်ပိုပြီး ချောချောမွေ့မွေ့ ပြောလာနိုင်ကြတယ်။

ဒါကြောင့် ဒီလို lock down အချိန်မှာလဲ စိတ်ဆင်းရဲစရာလို့တွေးမယ့်အစား “နေ့ရက်တွေကို အရင်ကထက် အေးဆေး ဖြတ်သန်းနိုင်တယ်။ သွားရလာရ အချိန် သက်သာသွားတယ်။ စိတ်ဝင်စားတာတွေ ပိုပြီး ဖတ်နိုင်တယ်။ နောက်ဆုံး အိပ်ချိန် ပိုရလာတယ်” စသဖြင့်တွေးရင် ပိုပြီး အဆင်ပြေပြေ ဖြတ်သန်းနိုင်လိမ့်မယ်။

အနည်းဆုံးတော့ ဒီ lockdown က ဒုတိယ အကြိမ်ဖြစ်သွားပြီ ဆိုတော့ ဒို့မှာ အရင်ကထက် အတွေ့အကြုံပိုရှိလာပြီလေ။

ဝါသနာပါလို့ ကိစ္စ တစ်ခုခု ကို လေ့လာပေမယ့် lockdown ချိန်မှာ ဝါသနာကို ဝါသနာလို မလေ့လာပဲ အတင်းအကြပ် မဖြစ်မနေ ကြိုးစားနေရင် ပိုပြီး stress တက်မယ်ဆိုတာမျိုးကို ဒို့ ပထမအကြိမ်ထက် ပိုပြီး နားလည်လာပြီ။ 😅

ဥပမာ မုန့်ဖုတ်တာ ဝါသနာပါလို့ ဒီ lock down ချိန်မှာ မုန့်ဖုတ်ပေမယ့် အပျော်သဘောပဲ မိသားစု စားဖို့လုပ်မယ်။ ကိတ်ဆိုင်ဖွင့်ဖို့လောက်ထိတော့ နောက်ပိုင်းအေးဆေးကျမှ သင်တန်းကောင်းကောင်းတက်ပြီး သင်ယူတော့မယ် ဆိုတာမျိုး လက်တွေ့ဆန်တဲ့ မှန်းဆချက်လေးတွေ လုပ်တတ်လာပြီပေါ့။ 😁

ဦးလေးလဲ ဘေးတိုက်က aircon ရေသံကို တစ်သက်လုံး ခံစားနိုင်မှာ မဟုတ်ပေမယ့် လောလောဆယ် မတတ်သာသေးတဲ့အချိန်တော့ ခံယူချက်လေးပြောင်းပြီး ခံသာအောင်ပြုပြင်ထားတယ်။ Covid-19 ကိုလဲ ဒို့တွေ ဒီလို ခံယူချက်လေး ပြောင်းပြီး အိမ်ထဲမှာ အေးအေးလူလူ နေနိုင်အောင် ကြိုးစားရအောင်…

မောင်စပ်စုကို နော်ဝေးနိုင်ငံသားတွေ ပြောတတ်တဲ့စကား တစ်ခွန်း လက်ဆောင်ပေးလိုက်မယ်။

ရာသီဥတုဆိုးတယ်ဆိုတာ မရှိပါဘူး ၊ လိုက်ဖက်မယ့်အဝတ်အစား မရွေးတတ်တာပဲ ရှိပါတယ် တဲ့

အဆင်ပြေပါစေကွာ။ 🤠

Reference: The Guardian (Dreading a Dark Winter Lockdown? Think Like a Norwegian)

[border ]

[space ]

Recommendations for you