ရှေ့ပတ်ခရီးသွားမယ် (ရှေ့ပတ်ခရီးသွားမယ်)

[ဇော်ဂျီနဲ့ဖတ်မယ်ဆို…]

ရှေ့ပတ်ဆို သောကြာ ၊ စနေ ၊ တနင်္ဂနွေ ၃ ရက် ပိတ်ရက် ရမလား ၊ ဒါမှမဟုတ် ကပ်သီးကပ်ဖဲ့ စနေ နေ့ဝက် ပြန်တက်ရလေမလား…

အကယ်၍များ ၃ ရက် ပိတ်ရက် ရတယ်ဆိုရင်တော့ congratulations ပါဗျာ။ အကယ်၍များ ၃ ရက်ကို ခရီးလေးများ သွားဦးမယ် ဆိုရင်တော့ ပိုလို့ congratulations ပါ။

ကျွန်တော်တို့လည်း ဒီအပတ်တွင်းမှာ အလုပ်ကိစ္စနဲ့ ခရီးသွားလိုက်ရတယ် ခင်ဗျ။ ဒါနဲ့ပဲ မထူးဇာတ်ခင်းပြီး ၁ ရက်ပိုနေ ၊ vacation ယူလိုက်တယ်ပေါ့လေ .. 😛 😀

တိုက်တိုက်ဆိုင်ဆိုင်ပဲ ၊ ဒီအပတ်ထဲမှာပဲ Wall Street Journal က လည်း The Smartest Way to Take a Vacation ဆိုပြီး ဆောင်းပါးရှင် Sumathi Reddy က အချက်အလက်တွေနဲ့ ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ် ရေးတာရယ် ၊ ကိုုယ်တွေလည်း ခရီးထွက်ပြီး အပြန်ရယ် နဲ့ ဒီ အပတ်တော့ အပျင်းပြေ အနေနဲ့ အပျော်ခရီးစဉ်တွေနဲ့ ပတ်သက်လို့ Wall Street Journal ဆောင်းပါးလည်း ကိုးကားရင်း ကိုယ်တွေ့တွေ လည်း ရေးရင်း …. အပျင်းပြေပေါ့ဗျာ..

ဒီလိုဗျ။ ဆောင်းပါးထဲမှာတော့ အပျော်ခရီးသွားတာဟာ အိပ်စက်ခြင်းနဲ့ တူပါတယ်တဲ့။ တစ်ခါတည်း အပြီး ၊ အကြာကြီး လုပ်ရတာမျိုး မဟုတ်ပဲ အလုပ်ပင်ပန်းတဲ့ အပေါ် ၊ စိတ်ပင်ပန်းတဲ့ အပေါ် မူတည်ပြီး မကြာခဏ လုပ်ပေးသင့်တဲ့ အရာပါလို့ University of Tampere, Finland ရဲ့ သုတေသန ပညာရှင် Dr. de Bloom က ပြောပါတယ်တဲ့ ခင်ဗျ။ ပြီးတော့ အပျော်ခရီးဟာ ရက်ရှည်ယူတာနဲ့ ရက်တို ယူတာ ၊ အဖြေမှာတော့ ကွာခြားခြင်း မရှိပါဘူးလို့လည်း သူက ရှာဖွေ တွေ့ရှိထားသေးတဲ့ ပုံပါ။

Dr. de နဲ့ အပေါင်းအပါတွေဟာ ယေဘုယျအားဖြင့် အပျော်ခရီးရက် ၂၃ ရက်ထွက်ကြတဲ့ သူတွေကို လေ့လာ စမ်းစစ်တဲ့ အခါ အပျော်ရွှင်ဆုံး အချိန်ဟာ ၈ ရက်မြောက်နေ့ ဖြစ်တယ်လို့ တွေ့ရှိရတာကြောင့် ရက်ရှည် ခရီးထွက်မယ် ဆိုရင် ၉ ရက် ထွက်ရင်တောင် လုံလောက်တဲ့ သဘောပါ။

နောက် ၊ ခရီးနဲ့ ပတ်သက်ရင် အသွားခရီးထက် အပြန်ခရီးက စိတ်ထဲ ပိုပြီး စွဲကျန် ရစ်ခဲ့ တတ်ကြပါတယ်တဲ့။ ဒါကြောင့် ပြည်တွင်းမှာ အဝေးပြေးကားနဲ့ သွားမယ် ဆိုရင်တောင် အပြန် ခရီးကို အထူးကားလေး နဲ့ ပြန်ခဲ့ရင် ပိုပြီး စိုစိုု ပြေပြေ ခံစား ရမယ့် သဘောပေါ့…

ကျွန်တော့် အနေနဲ့တော့ ခရီးသွားပြီ ဆိုရင် ၊ ခရီးမှာ တွေ့ကြုံ ရတာတွေကို အပြည့်အဝ ခံစားဖို့ ကြိုးစားတယ်။ အချို့နေရာတွေမှာ ဆို အလွန်လှတဲ့ နေရာတွေ ရှိပေမယ့် ၊ လမ်းလျှောက်တဲ့ အခါ ပတ်ဝန်းကျင်ကိုု မကြည့်ပဲ ခလုတ်တိုက်မှာ စိုးတာ ၊ တောင်တွေး မြောက်တွေး တွေးတာနဲ့ပဲ ခရီး အတော်ပေါက်မှ ပြန်ှလှည့်ကြည့်ရင်း နောင်တ ရတဲ့ အကြိမ်ပေါင်းလဲ မနည်းတော့ဘူးလေ။ ဒါကြောင့် ခရီးသွားပြီ ဆိုရင် ကိုယ့်ရဲ့ နေ့ဒဓူဝ ပတ်ဝန်းကျင်နဲ့ မတူညီတဲ့ ပတ်ဝန်းကျင်သစ်ကုုိ လည်း ခံစားမိအောင် နေသင့်ပါတယ်။

ခရီးဆိုလိုု့ ငယ်ငယ်ကလိိုု ပူစရာ မရှိ ထသွားလို့ ရတော့ တဲ့ အချိန်တွေ မဟုတ်တော့ဘူးလေနော်။ ကျွန်တော့်လို့ပဲ Myanmar Lifestyle ရဲ့ ပရိသတ် တွေ အားလုံးလည်း အလုပ်ကုုိယ်စီနဲ့ ရှုပ်နေကြတဲ့ သူတွေပဲမို့ … ခရီး လို့ ဆိုလိုက်ရင် မသွားခင် ရက်တွေက stressful days တွေပဲ ဖြစ်နေတတ်မှာပါ။ ဒီမှာ ကျွန်တော်လုပ်နေကျ ပုံစံလေးလည်း share ချင်ပါသေးတယ်။

ကျွန်တော်ကတော့ ခရီးသွားတော့မယ် ဆိုရင် ၃ ရက်လောက် အလိုမှာ လုပ်ရမယ့် အလုုပ်တွေ အားလုံးကို စာရွက်ပေါ် ချရေးလိုက်တယ် ၊ ပြီးတော့ ပြန်လာမှ လုပ်လည်း ရမယ့် အလုပ်တွေ ၊ ၁ ရက် ၂ ရက် ဆက်မယ့် အလုပ်တွေ ကို ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ခရီးက ပြန်လာမှ လုပ်မယ့် စာရင်းထဲ ထည့်ရေးထားလိုက်ပါတယ်။ ပြီးတော့ ကျန်တဲ့ အလုပ်တွေ ထဲမှာမှ အပေ့ါပါးဆုံး ဖြစ်မယ် ၊ မသွားခင် ပြီးအောင် ဖြတ်နိုင်တယ် ဆိုတဲ့ အလုပ်တွေကို ခရီးမသွားခင် / ခရီးသွားမယ့် နေ့မှာ လုပ်ရမယ့် အလုပ်စာရင်းထဲ ထည့်လိုက်ပါတယ်။ သေချာတာကတော့ ပြီးအောင်လုပ်နိုင်မယ့် အလုပ်တွေကိုပဲ ခရီးမသွားခင် လုပ်ပါတယ်။ မပြီးပြတ်ပဲ တန်းလန်း ဖြစ်နိုင်မယ့် အလုပ်တွေဆို အပျော်ခရီးမှာ နောက်ဆံတင်း စရာ ဖြစ်တာကြောင့် အဲဒါတွေ အားလုံးကို ပြန်လာမှလုပ်မယ်လို့ပဲ ဆုံးဖြတ် ထားလိုက်တာပါ။

နောက် အီးမေး နဲ့ ပတ်သက်လို့ အပျော်ခရီးသွားနေတဲ့ အချိန်မှာပဲ ပို့လို့ရမယ့် အီးမေးတွေ ဆိုရင် စာကြိုစီ ၊ attachment တွေ ကြိုတွဲပြီး draft ထဲမှာ သိမ်းထား လိုက်ပါတယ်။ ဒါမှလည်း အပျော်ခရီးထွက်နေတဲ့ အချိန်မှာ စာစီဖို့ ဦးနှောက်စားစရာ မလိုတဲ့ အပြင် ၊ လိုင်းမကောင်းတဲ့ နေရာရောက်သွားမိရင် attachment တွဲလို့ မရလို့ လိုင်းကောင်းတဲ့ နေရာ ပတ်ရှာရင်းနဲ့ တစ်နေကုန် တဲ့ အဖြစ်မျိုးက ကိုယ်တွေ့ ဖြစ်ရပ်ပါ။

နောက် digital detox ဆိုတာမျိုး လုပ်နိုင်ရင်လည်း အကောင်းဆုံးပေါ့။ နေ့စဉ် ဖုန်းတွေ ၊ notification တွေနဲ့ အမြဲ ချုပ်နှောင်ခံရသလို ဖြစ်ရင် ဖုန်းပါ အပြီးပိတ်ပြီး အပျော်ခရီး ထွက်နိုင်ရင် ၊ (ကုုိယ်လည်း နေနိုင်ရင်) ဒါ အတော် အကျိုးရှိပါတယ်။ ကျွန်တော်ကတော့ ဒီလို digital detox မျိုးကို ကိုယ်တစ်ယောက်တည်း နားတာမျိုး မဟုတ်ပဲ ၊ အားလုံး လိုလို နားကြတဲ့ သင်္ကြန်အချိန်လိုမျိုမှာ ခရီးသွားတဲ့ အခါ လုပ်ဖြစ်ပါတယ်။ Social network တွေ မဝင်လည်း ကျွန်တော်က နေနိုင်တာမို့ သင်္ကြန် ၄ ၊ ၅ ရက် ကတော့ ကျွန်တော့်အတွက်ကတော့ အဆက်အသွယ်တွေ ပြတ်ပြီး နေပျော်စရာပါ။

နောက် ဓာတ်ပုံတွေ တအားရိုက်တာကလည်း ပတ်ဝန်းကျင်ကို ကိုယ်တိုင်မခံစားရတာကြောင့် ခရီးသွားရတဲ့ အရသာပျောက်ဆုံးတတ်တယ်လို့ Wall Street Journal ရဲ့ ဆောင်းပါး အပြင် တချို့ ၁ နေရာ ၂ နေရာမှာလည်း ကျွန်တော် ဖတ်ဖူးပါတယ်။ အဲဒါ လည်း ကျွန်တော် ထောက်ခံပါတယ်။ ကျွန်တော့် ခရီး တစ်ခုုမှာ မီးပန်းတွေ ဖောက်တာနဲ့ ကြံုတော့ ကျွန်တော် ကင်မရာ ကိုင် ၊ ဓာတ်ပုံတွေ တော်တော်များများ ရိုက်ယူလာခဲ့တယ်။ အိမ်ပြန်ရောက်လို့ ဓာတ်ပုံုတွေ ပြန်ကြည့်တော့ ဓာတ်ပုံကြည့်တဲ့ အရသာပဲ ရပြီး ကိုယ့် တကယ် ကြံုခဲ့ ပါလား ဆိုတဲ့ ခံစားချက်မျိုး မရနိုင်တော့ပါဘူး။

တကယ်တော့ ခရီးသွားတယ် ဆိုတာ ဇိမ်ခံ ၊ ငွေကုန်ကြေးကျ များမှ ပျော်စရာ မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်တာကိုလုပ်ပြီး ၊ ပျော်အောင် နေနိုင်ခဲ့ဖို့ပဲ လိုတာပါ။ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း ၂ ယောက် မြို့လေး တစ်မြို့သွားလည်တော့ ဘာရယ် မဟုတ်ပဲ ၊ အနီးမှာ ရပ်ထားတဲ့ စက်ဘီး ၂ စင်းကို ကောက်ယူ တက်စီး ၊ အဲဒီ သစ်ပင်အုပ်လေး ရှိတဲ့ ကမူလေး ကို ၁၅ မိနစ်လောက်ပတ်ပြီး စိတ်ကြိုက်အော် လိုက် ၊ ကျော်တက်လိုက် ၊ ပြိုင်နင်းလိုက်နဲ့ လုပ်ခဲ့ တဲ့ အတွေ့ အကြံုက စျေးကြီးပေးရတဲ့ ဟိုတယ်မှာ သွားတည်းရတဲ့ အတွေ့အကြံုနဲ့ တန်းတူ ခံစားရပါတယ်။ အခုချိန်ထိ အလုပ်ပင်ပန်းလို့ ဦးနှောက်ခြောက်တဲ့ အခါ အဲဒီ အဖြစ်အပျက်လေးကို ပြန်တွေးပြီး ရယ်မိတုန်းပါ။

အော်… အပျော်ခရီးဆိုလိုု့ ၊ ခရီးကပြန်လာတဲ့ ၁ ရက်က အလုပ်မလုပ်ရရင်တော့ အကောင်းဆုံးပဲဗျ။ ဒါပေမယ့် ဒါမျိုးကလည်း ၁၀ ကြိမ် ၁ ကြိမ်လောက်ပဲ အခွင့်အရေး ရနိုင်တာမို့ ၊ အပျော်ခရီးက ပြန်လာလို့ အလုပ်စဝင်တဲ့ ရက်မှာ သက်တောင့်သက်သာ အလုပ်တွေ စလုပ်နိုင်ရင်တော့ အပျော်ခရီး က ခံစားရတဲ့ ပျော်ရွင်မှုကို ပိုထိန်းသိမ်းနိုင်ပြီး ရေရှည် အလုပ်ပိုလုပ် နိုင်လိမ့်မယ်လို့ ဆောင်းပါးရှင် Sumathi Reddy က အဆိုပြုထားပါသေးတယ်ဗျာ။

ဘယ်လိုပဲဆိုဆို ကျွန်တော့်ထက် ပိုပြီး ခရီးသွား အတွေ့အကြံု ရှိသူတွေလည်း ဒုနဲ့ ဒေးပါ။ ဒါကြောင့် ဖတ်ပြီး အချိန်ကုန်သလို ဖြစ်တယ်ဆိုလည်း နားလည် ပေးပါစေချင်ပါတယ်။ Myanmar Lifestyle ရဲ့ ထုံးစံအတိုင်း Sunday အပျင်းပြေ အနေနဲ့ Myanmar Lifestyle အာဘော်လေး ရေးလိုက်တဲ့ သဘောပါ။ အပျင်းပြေတယ် ၊ ဗဟုသုုတ ရခဲ့တယ် ဆိုလည်း ဝမ်းသာ မိမှာပါ။ အချက်အလက်တွေ ကိုးကားထားတာကတော့ Wall Street Journal ၊ ဆောင်းပါးရှင်း Sumathi Reddy ရဲ့ The Smartest Way to Take a Vacation ဖြစ်ပါတယ်ဗျာ။

ပိတ်ရက်မှာ ခရီးသွားမယ်ဆိုလည်း အန္တရာယ်ကင်း သာယာ ပျော်ရွင် ကြပါစေဗျာ။ အိမ်မှာပဲ အေးအေးလူလူ အချိန်ယူမယ်ဆိုရင်လည်း သာယာ ပျော်ရွင်တဲ့ နေ့ရက်တွေ ပိုင်ဆိုင် ရပါဗျာ။

Myanmar Lifestyle ပိုပြီး ကြိုးစားသွားပါဦးမယ်ဗျာ 😀 🙂

Leave a Reply

Your email address will not be published. Required fields are marked *