Sleeping Bag Care

ဈေးကြီးပေးဝယ်ထားရတဲ့ sleeping bag တွေကို ခရီးတစ်ခါသွား တစ်လုံး မဟုတ်ပဲ ၊ ကြာကြာလေးခံ အမြဲတမ်း နွေးနွေးထွေးထွေးလေး ဖြစ်နေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ ဆိုတာ ကျွန်တော်တို့ တူတူ လေ့လာ ကြည့်လိုက်ရအောင်ဗျာ။

အဝတ်စားအသန့်နဲ့အိပ်ပါ

တစ်နေ့လုံး ဝတ်ထားတဲ့ အဝတ်အစားတွေမှာကပ်နေတဲ့ ချွေးတွေ ၊ ဖုန်တွေ ၊ ဆီတွေဟာ sleeping bag ရဲ့ အအေးလုံအောင် ထိန်းပေးတဲ့ insulation ကို ထိခိုက်စေနိုင်တာကြောင့် မအိပ်ခင် အဝတ်အစား အသန့် လဲပြီးမှ အိပ်သင့်ပါတယ်။

ဒါ့အပြင် ဆံပင်မှာ ရှိတဲ့ ဆီတွေကလဲ sleeping bag ရဲ့ hood မှာ ကပ်နိုင်တာကြောင့် အေးရင် ဦးထုပ်ဆောင်းပြီး ၊ ဒါမှမဟုတ် လက်ကိုင်ပဝါနဲ့ ဆံပင်ကို စီးပြီး အိပ်သင့်ပါတယ်။ ဒါ့အပြင် နေ့ခင်းဖက်မှာ နေလောင်မှာစိုးလို့ လိမ်းထားတဲ့ sunscreen တွေကလဲ sleeping bag ထဲ စိမ့်ဝင်နိုင်တာကြောင့် သုတ်ပစ်ပြီးမှ အိပ်ဖို့လဲ လိုပါတယ်ဗျာ။

Sleeping bag liner နဲ့ အိပ်ပါ

အကယ်၍များ အဝတ်အစားလဲဖို့ ဝန်လေးတယ်ဆိုရင် sleeping bag ထဲ တစ်ထပ်ခံအိပ်ရတဲ့ sleeping bag liner ကိုသုံးပြီး အိပ်တာ အဆင်ပြေပါတယ်။ ရာသီဥတုအေးရင် ဒီ liner ကလဲ ထပ်ပြီး အအေးလုံစေလို့ ပိုပြီး နွေးနွေးလေး အိပ်လို့ ရပါသေးတယ်ဗျာ။

မြေကြီးပေါ်မအိပ်ပါနဲ့

Sleeping bag တွေရဲ့ အောက်ဖက်က waterproof ဖြစ်သည့်တိုင်အောင် sleeping bag ကို မြေကြီးမှာ တိုက်ရိုက် ချမအိပ်ပဲ sleeping pad ခံပြီးမှ အိပ်သင့်ပါတယ်။ အိပ်ရတာ ပိုပြီး သက်တောင့် သက်သာ ရှိသလို ၊ မြေကြီးမှာ ရှိတဲ့ အချွန်အတက်တွေနဲ့ sleeping bag ညှိပြီး ပေါက်ပြဲတဲ့ ပြဿနာလဲ အေးသွားမှာပါ။

ညင်ညင်သာသာကိုင်ပါ

Camping site မှာအိပ်တဲ့အခါ sleeping bag ထဲနေလျက်နဲ့ မတ်တပ်ရပ်တာ ၊ sleeping bag စွပ်လျက်နဲ့ ခုန်စွ ခုန်စွ လုပ်တာတွေက sleeping bag ရဲ့ toe box ကို ပျက်စီးစေလို့ ဒါလေးတွေလဲ ရှောင်ဖို့လိုသလို ၊ မီးပုံလေးဘေးမှာ sleeping bag လေးထဲဝင်ပြီး ဇိမ်နဲ့ နှပ်မယ် ကြံရင်လဲ မီးပုံက လာတဲ့ မီးပွှားတွေက sleeping bag ကို ပေါက်ပြဲစေနိုင်လို့ သတိပြုသင့်ပါတယ်ဗျာ။

ငှားမယ်ဆိုရင် သတိထားပါ

ကိုယ်က ဂရုတစိုက် ကိုင်တွယ်တဲ့ sleeping bag ကို ကိုယ့်လိုပဲ ဂရုတစိုက် ကိုင်တွယ်မယ့်သူကိုပဲ ငှားသင့်ပါတယ်။ ငှားတဲ့အခါမှာလဲ zipper တွေ ၊ ကြိုးတွေ အလုပ်လုပ်ပုံကို ရှင်းပြလိုက်ပြီး ဖြစ်နိုင်ရင် sleeping bag liner နဲ့ အိပ်ဖို့ ပြောပါဗျာ။

စိတ်ရှည်လက်ရှည် zip ဆွဲပါ

အတွင်းအပြင် ၂ ဖက် ဆွဲလို့ရတဲ့ sleeping bag ရဲ့ zipper တွေက ဂရုတစိုက်မဆွဲရင် sleeping bag ရဲ့ အသားညှပ်ပြီး ပေါက်ပြဲစေလို့ သတိထားပြီး ဆွဲဖို့လိုပါတယ်။ မှောင်နဲ့ မဲမဲ zip တပ် zip ဆွဲရတာ အခက်အခဲရှိနိုင်လို့ အိမ်မှာတည်းက ဘယ်နေရာမှာ zip ရှိတယ်။ ဘယ်လို ဆွဲရတယ်ဆိုတာ ကြိုပြီး လေ့ကျင့်ထားသင့်ပါတယ်ဗျာ။

လေသလပ်ခံပါ

ခရီးထွက်နေတဲ့အချိန်မှာလဲ ဖြစ်နိုင်ရင် sleeping bag ကို လေသလပ်ခံပြီး ခြောက်သွေ့ခိုင်းတာ ကောင်းပါတယ်။ နေရောင်နဲ့ တိုက်ရိုက်ထိမယ်ဆိုရင်တော့ အချိန်ကြာကြာ မထားပဲ ပြန်သိမ်းသင့်သလို ၊ ခရီးမှာ ရေ ၊ ရေငွေ့တွေ တော်တော်လေးစိုလာခဲ့မယ် ဆိုရင်တော့ အိမ်ရောက်တဲ့အခါ အချိန်ယူပြီး လေသလပ်ခံ လှမ်းထားဖို့ လိုပါတယ်ဗျာ။

သိမ်းတဲ့အခါ

Sleeping bag တွေမှာ များသောအားဖြင့် သယ်လို့လွယ်အောင် ကျစ်ကျစ်လေး ဖြစ်စေတဲ့ အိတ် ၊ stuff sack ပါတတ်ပါတယ်။ ဒီအိတ်က သယ်လို့ ပြုလို့ လွယ်ပေမယ့် အဲ့ဒီအိတ်နဲ့ ရေရှည်သိမ်းထားတဲ့အခါ insulation တွေက တစ်နေရာတည်းမှာ ခေါက်နေပြီး နေရာကွက်ကျား အအေးမလုံတဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခရီးမသွားတဲ့အခါ sleeping bag ကို ဒီတိုင်း ပွပွလေး ခေါက်ပြီး သိမ်းသင့်သလို ၊ အိတ်နဲ့ သိမ်းချင်တယ်ဆိုရင်လဲ ခေါင်းအုံးစွပ်လိုမျိုးထဲ ထည့်သိမ်းထားလို့ရပါတယ်ဗျာ။

လျှော်မယ်ဆိုရင်

Sleeping bag တွေက တော်ရုံလျှော်ဖို့ မလိုသလို လျှော်မယ်ဆိုရင်လဲ အရင်ဆုံး ညစ်ပတ်တဲ့ နေရာတွေကို ရွေးပြီး spot cleaning လုပ်သင့်ပါတယ်။

ဆပ်ပြာရည်ကို သွားပွတ်တံနဲ့ ဖြစ်ဖြစ် ညစ်ပတ်နေတဲ့ နေရာလေးတွေကို ကွက်ပြီး ဖြည်းဖြည်းချင်း ပွတ်လျှော်ပေးရင်ကို တော်တော် လုံလောက်နေပါပြီ။ လျှော်တဲ့အခါမှာလဲ ဆီတွေ ဖုန်တွေ အများဆုံး ပေနိုင်တဲ့ hood တို့ collar တို့ အဓိကထားလျှော်သင့်ပြီး ၊ လျှော်တဲ့အခါ အတွင်းက insulation ကို ရေစိုတာ အနည်းဆုံး ဖြစ်ဖို့ အပြင်က shell နဲ့ အတွင်းက insulation မကပ်အောင် လက်နဲ့ ဆွဲမထားပြီး လျှော်သင့်ပါတယ်။

အကယ်၍ sleeping bag တစ်ခုလုံး လျှော်ဖို့ လိုအပ်လာပြီ ဆိုရင် ချွတ်ဆေး ၊ ပျော့ဆေးတွေ မသုံးပဲလျှော်ပါဗျာ။ စက်နဲ့ ဆိုရင်လဲ အပေါ်ဖွင့်အဝတ်လျှော်စက်တွေရဲ့ agitator တွေက sleeping bag ကို ဒုက္ခပေးစေတာကြောင့် အရှေ့ဖွင့် အဝတ်လျှော်စက်နဲ့ပဲ လျှော်သင့်ပြီး ဖြစ်နိုင်ရင်တော့ လက်နဲ့ လျှော်တာက အကောင်းဆုံးပါပဲတဲ့ဗျာ။

Acknowledgment: ဒီ post ကို REI.com ရဲ့ Sleeping Bag Care ကို မှီငြမ်းရေးသားထားတာဖြစ်ပါတယ်ဗျာ။

Photos by: Murray Hemingway from Pexels

Recommendations for you